4th Plenary Session · roundup

လွှတ်တော်သတင်းများ (၈ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ၇.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပွင့်ဖြူမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက “နိုင်ငံတကာ လေကြောင်းလိုင်းများမှ မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်များတွင် နေ့စဉ် ဖြတ်သန်းမောင်းနှင်လျက်ရှိသော အပြည်ပြည်ဆိုင်ရာ လေယာဉ်များအား မည်သည့်ဝန်ကြီးဌာနမှ မည်သည့်ခုနှစ်တွင်စတင်၍ အခွန် မည်မျှ စည်းကြပ်ကောက်ခံပြီး ကောက်ခံရရှိသော အခွန်ဘဏ္ဍာများအား မည်သည့်နေရာများတွင် သုံးစွဲသည်ကို သိလိုကြောင်း” မေးရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်က “နေပြည်တော်-ကျိုင်းတုံ အသွားအပြန် လေယာဉ်ခရီးစဉ်ကို တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် ပြေးဆွဲပေးနိုင်ခြင်း ရှိ/မရှိ သိလိုကြောင်း” မေးရာ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက “၂၀၁၆ ခုနှစ် ဧပြီ၁ရက်နေ့ရှိ ဝန်ကြီးဌာနတစ်ခုချင်း၏ ရရန်ရှိသော ကြွေးမြီများနှင့် ပေးရန်ရှိသော ကြွေးမြီများအခြေအနေကို အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်း မြင်သာစွာ ချပြနိုင်ခြင်း ရှိ/မရှိ” မေးရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ဆော့လော်မဲဆန္ဒနယ်မှ ဦးလာမာလေးက “ဆော့လော်မြို့ပေါ်ရှိ GSM-MPT ဖုန်းလိုင်း၊ ဟန်းကော ကျေးရွာအုပ်စု အတွင်းနှင့် WCDMA-MPT ဖုန်းလိုင်းတာဝါတိုင်၊ လန်ဆယ်ကျေးရွာ အုပ်စုအတွင်း WCDMA-MPT ဖုန်းလိုင်းတာဝါတိုင်များ တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးရာ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ယင်းနောက် မိုးမောက်မဲဆန္ဒနယ်မှ ဦးဝင်းအောင်၏ “မြန်မာနိုင်ငံအတွင်းရှိ ထီထိုးသူ ပြည်သူလူထုများ အဆင်ပြေစေရန်၊ ဆင်းရဲမွဲတေမှုပပျောက်ရေးနှင့် မှုခင်းလျော့ချရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေသော အောင်ဘာလေထီ ရောင်းရငွေ၏ အခွန် ၄၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအား အောင်ဘာလေသိန်းထီဆုအဖြစ် ထည့်သွင်းပေးပြီး ထီရောင်းရငွေမှ အခွန်ငွေ ၃၀ ရာခိုင်နှုန်းသာ ကောက်ခံသင့်သည့်ဟု ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို” ကို တင်သွင်းရာ ကယားပြည်နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်းက ထောက်ခံဆွေးနွေး
  • အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောတူညီမှုကို ဆန္ဒမဲပေးခြင်းဖြင့် အဆုံးအဖြတ် ရယူရာတွင် ထောက်ခံမဲ ၂၃၆ မဲ၊ ကန့်ကွက်မဲ ၁၀၆ မဲနှင့် ကြားနေမဲ ၂၁ မဲတို့ဖြင့် အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ၇.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ)ဦးလှမြင့်သန်းက “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် တစ်မျိုးတည်းသော မြေပုံစနစ် ပြုစုထားရှိရန်နှင့် မြို့ပြနှင့် ကျေးလက် မြေယာများကို ကွက်စိပ်မြေပုံများ ပြုစုမှတ်တမ်းတင်ထားရန် စီမံကိန်း ချမှတ်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ၊ နိုင်ငံတော်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်နေသော လယ်ယာမြေအားလုံးကို မှတ်ပုံတင်နိုင်ရေး နှစ်ရှည်စီမံကိန်း ချမှတ်ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် သစ်တောမြေ၊ စားကျက်မြေများအတွင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိသောကြောင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ မှတ်ပုံတင်ရန် အကျုံးမဝင်သည့် မြေများနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း” မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသီဟ(ခ)မောင်တူးက “ပေါင်မြို့နယ် မြို့မဧရိယာအတွင်းရှိ ကဒုံစီး ကျွဲခြံချောင်းအား မူလဧရိယာအတိုင်း သတ်မှတ်တိုင်းတာပေးရန် အစီအစဉ် ရှိ/မရှိနှင့် ယင်းချောင်းအား ရေစီးဆင်းမှု ဆွဲအားကောင်းစေရန် လိုအပ်သော ချောင်းကော ဧရိယာများအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးရာ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့အပြင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်ဆွေ၏ မြေစာရင်းမှန်ကန်ရေး ဆိုင်ရာ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြား
  • ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် “၁၉၇၃ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံစာစစ်အဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင်နှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုးတို့က ဆွေးနွေးကြပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ကြေညာ
  • ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ)ဒေါက်တာအားကာမိုး၏ “နိုင်ငံတော်၏ သား၊ ငါးကဏ္ဍတိုးတက်ရန်နှင့် စားနပ်ရိက္ခာဖူလုံရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည်ဆိုသော MICA (Myanmar International Cooperation Agency) သည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးပြုမှုမရှိဘဲ လူတစ်စုမှ လက်ဝါးကြီးအုပ် ခြယ်လှယ်လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်းကြောင့် အဆိုပါ MICA အဖွဲ့ကို ဖျက်သိမ်းပြီးလျှင် ပြည်ထောင်စုအစိုးရ အဖွဲ့၏ တရားဝင် ခွင့်ပြုမိန့်မရရှိဘဲ ဆောင်ရွက်ခဲ့သည့် သိမ်းဆည်းရယူထားသော စက်ရုံများ၊ လုပ်ငန်းများ၊ မြေယာများကို မည်သို့စီမံထားကြောင်းနှင့် ရရှိခဲ့သည့် ငွေကြေးစီမံခန့်ခွဲထားမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းဖော်ထုတ်ပေးပါရန် တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး၊ စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦးနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်းတို့က ထောက်ခံဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ဆွေးနွေးဖြေကြား
  • ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ ဆန္ဒကို ရယူရာ ထောက်ခံမဲများသည့်အတွက် အဆိုကို အတည်ပြုကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s