4th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၅ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၁၄.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပုလဲမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်အား Ecotourism (သဘာဝအခြေပြု ခရီးသွားလုပ်ငန်း) နယ်မြေအဖြစ် သတ်မှတ် ဖော်ဆောင်ရန် အစီအစဉ် ရှိ မရှိ” မေးရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းဖြေကြား
  • လှိုင်းဘွဲ့မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက “နိုင်ငံပိုင် သစ်တောများအတွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များအား နှစ်ရှည်ငှားရမ်းဆောင်ရွက်ပေးမှုများနှင့် ပတ်သက်၍ စိုက်ပျိုးခွင့်ပြုပြီး မြေဧကနှင့် အညီ သတ်မှတ်ကာလအတွင်း အမှန်တကယ် စိုက်ပျိုးပြီးစီးမှု ရှိ မရှိ၊ ခွင့်ပြုမထားသော လုပ်ငန်းများနှင့် အပင်များ စိုက်ပျိုးထားခြင်း ရှိ မရှိ၊ ဥပဒေမဲ့ လွှဲပြောင်းရောင်းချမှုများ ရှိ မရှိ၊ မျှတသည့် နှုန်းထားတို့နှင့် အညီ စိစစ်ပြင်ဆင်ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ နှင့် ကြွေးကျန်များ ရှိနေသေးလျှင် ဥပဒေနှင့်အညီ မည်သို့အရေးယူ ဆောင်ရွက်မည်ကို ရှင်းလင်းချပြနိုင်ခြင်း ရှိ မရှိ” မေးရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • အလားတူ မြိုင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း၏ မေးခွန်းမေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့
  • ဂန့်ဂေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် တင်သွင်းသည့် “မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသအား Eco-tourism (ဂေဟအကျိုးပြု ခရီးသွားလုပ်ငန်း) ဒေသ အဖြစ် သတ်မှတ်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကိုလွှတ်တော် ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးကြ
  • လသာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မို့မို့အောင်၊ ကသာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ မိုးကုတ်မဲဆန္ဒနယ်မှ ဦးအောင်နိုင်၊ ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦးနှင့် သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးတို့က ဝိုင်းဝန်းဆွေးနွေးခဲ့
  • အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဆိုရှင်၏ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းသည့် အဆိုနှင့်ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနတို့မှ ကျွမ်းကျင်သူများဖြင့် ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်ပြီးမှသာ သတ်မှတ်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အနာဂတ်ကာလတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှု၊ အခြားသက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းနှင့် လတ်တလောကာလတွင် အဆိုကို မှတ်တမ်းတင်ထားရှိပေးပါရန် တင်ပြရာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောတူညီမှုကို ရယူပြီး အဆိုကို မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၁၄.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခြင်း၊ ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကြ
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးကျော်ကျော်၏ “ရခိုင်ပြည်နယ်၏ သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှု မြို့တော်ဖြစ်သော မြောက်ဦးမြို့ကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းအဖြစ် သင့်လျော်သောနေရာတွင် တိုးချဲ့မြို့သစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းဖြေကြား
  • ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးကျော်နီနိုင်၏ “ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော ရှောက်ကိုင်တံတားနှင့် ကြွင်းဖန်းဟော်တံတားများကို အဆင့်မြှင့်တင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦးက “မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းဖြစ်သော မန္တလေး-မူဆယ် ကားလမ်းမကြီးသည် လမ်းကြောင်းကျပ်ခြင်း၊ ဆိုးဆိုးရွားရွား လမ်းပိတ်ဆို့ခြင်းများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် ယခုလမ်းထက် ခရီးမိုင်ပို၍ သက်သာတိုတောင်းပြီး စိတ်ချလုံခြုံအန္တရာယ်ကင်းစွာ သွားလာ အသုံးပြုနိုင်သော လမ်းကြောင်းအသစ်တစ်ခု ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်းက “ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တို့ကြားတွင် ဆက်သွယ်ဖောက်လုပ်ထားသော ကားလမ်းအား ရာသီမရွေး သွားလာနိုင်သော ကတ္တရာလမ်းအဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ဆောက်လုပ်ရေး ကဏ္ဍဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့
  • ဆက်လက်၍ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးတင်အောင်ထွန်းက ဆွေးနွေး
  • အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၏ ဆွေးနွေးတင်ပြချက်များကို ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ကြေညာ
  • ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာသည့် ရေနံလက်ယက်တွင်း ဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က လွှတ်တော်သို့ ဖတ်ကြားတင်ပြရာ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာ
  • ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ၌ ခေတ်ကာလနှင့် လျော်ညီမှုရှိစေရန် ဥပဒေကြမ်း အမည်ပြင်ဆင်ခြင်း အတွက် ဥပဒေကြမ်းတစ်ရပ်လုံးတွင် ပါဝင်သော ရေနံလက်ယက်တွင်းနှင့် လက်ယက်တွင်းဆိုသည့် စကားရပ်တိုင်းကို ရေနံတွင်းတိမ်ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်အရ စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်သည် တရားရုံးများမှ ချမှတ်သည့်ပြစ်ဒဏ်များနှင့် တူညီခြင်း မရှိသဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်နှင့် သက်ဆိုင်သော နေရာများတွင် ပြစ်ဒဏ်ဟု ဖော်ပြထားသည့် စကားရပ်များအစား စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်ဟု အသီးသီးပြောင်းလဲ ပြင်ဆင်ပြီးဖြစ်ပါကြောင်း စသည်ဖြင့် လေ့လာတွေ့ရှိချက် ၄ ချက်ကို ဖတ်ကြားတင်ပြခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s