4th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၇ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒသမနေ့ကို ၁၆.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်ကော်မတီများတွင် အဖွဲ့ဝင်များ ထပ်မံ ထည့်သွင်းဖွဲ့စည်းခြင်း၊ ကော်မတီအဖွဲ့ဝင်များ အစားထိုးလဲလှယ်ခြင်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ကို ရယူအတည်ပြု
  • ရသေ့တောင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ “ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများ မရှိသေးသည့် သင့်လျော်သောကျေးရွာတိုင်းတွင် သားဖွားဆရာမတစ်ဦးစီ ခန့်အပ် တာဝန်ပေးရန် အစီအစဉ် ရှိ မရှိ” မေးခွန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြား
  • လက်ပံတန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း၏ “မြစ်မခမြစ်ရေ တိုက်စားခြင်းကြောင့် (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်တွင် မြစ်ကြောင်းဖြောင့်ခြင်း၊ ရေကာရိုက်ခြင်းများ ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရှင်းလင်းဖြေကြား
  • ဘိုကလေးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိုင်းက “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်တွင် တာဝန်ထမ်းဆောင်နေကြသော ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲကျွမ်းကျင်များ၏ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စများတွင် မည်ကဲ့သို့သော နည်းဥပဒေ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများ ထားရှိသည်ကို သိလိုကြောင်း” မေးရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • လှိုင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက “သမိုင်းချောင်း၊ ပိတောက်ချောင်း၊ ကမာရွတ်ချောင်းများအား စဉ်ဆက်မပြတ် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • ယနေ့အစည်းအဝေးတွင် ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးစီ၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၊ သဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးရွှေလှ (ခ) ဦးရွှေလှဝင်း၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၊ မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစဲကီကော်တို့၏ မေးခွန်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဦးသန့်စင်မောင်တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြ
  • အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကို မတူပီမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေကြမ်း ကော်မတီဝင် ဦးပါထန်းက လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏အဆုံးအဖြတ်ကို ရယူရာ လွှတ်တော်က သဘောတူသဖြင့် လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်း ကြေညာ
  • ယင်းနောက် အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှု ရှိပါက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အဆိုတင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူရာ လွှတ်တော်က သဘောတူသဖြင့် လွှတ်တော်ဥက္ကဋ္ဌက ယင်းကိစ္စကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒသမနေ့ကို ၁၆.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဘော်ရယ်စိုးဝေ၏ “ကယားပြည်နယ် တွင် ပဲ၊ နှမ်း၊ ပြောင်း စိုက်ပျိုးသော ယာစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ပဲ၊ နှမ်း၊ ပြောင်းစျေးကွက်တည်ငြိမ်ခိုင်မာမှုရှိအောင် မည်ကဲ့သို့ စီမံ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း၏ “မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ် ဘဏ်ရုံသစ် ဆောက်လုပ်နိုင်ရန်အတွက် မြေနေရာလွှဲပြောင်းပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်သန်းသန်းအေးက “သရက်ခရိုင် မင်းတုန်းမြို့နယ် ကံပိုင်ကျေးရွာအုပ်စု ရူးချောင်းတံတားအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးအေးချိုက “ပြည်ခရိုင်ရွှေတောင်မြို့နယ် မယားမံရွာမှ ညောင်စာရေးရွာအထိ ဆက်သွယ်ထားသည့်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်းက “မင်းတပ်ခရိုင် မင်းတပ်မြို့ စည်ပင်စျေးမှ မီးဘေးသင့်ဆိုင်ခန်းပေါင်း ၄၁ ခန်းကို နိုင်ငံတော်ဘတ်ဂျက်မှ ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသီဟ(ခ)မောင်တူးက “ပေါင်မြို့နယ်တွင် အဆင့်မီ မြို့တော်ခန်းမ အဆောက်အအုံတစ်ခုအား မည်သည့်ဘတ်ဂျက်နှစ်တွင် ထည့်သွင်း ဆောက်လုပ်ပေးမည်ကို သိရှိလိုကြောင်း” မေးရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ထို့နောက် စာရင်းအင်းဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းနိုင်ရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တင်သွင်းပြီး ဥပဒေကြမ်း ကော်မတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့်က ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်ပြ
  • အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယနေ့ အမျိုးသားလွှတ်တော်သို့ တင်သွင်းသည့် စာရင်းအင်းဥပဒေကြမ်းတွင် အခန်း(၁၄)ခန်းနှင့် ပုဒ်မ ၅၅ ခု ပါဝင်ပြီး စာရင်းအင်းများ မှန်ကန်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ အပါအဝင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပါဝင်ဆောင်ရွက်ရန် ဥပဒေနှင့်အညီ တွန်းအားပေး ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရ
  • စာရင်းအင်းဥပဒေ ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များမှာ တိကျမှန်ကန်၍ အရည်အသွေးပြည့်ဝသော စာရင်းအင်းများ ရရှိခြင်းဖြင့် မူဝါဒနှင့် စီမံကိန်းများ ရေးဆွဲရာတွင် လည်းကောင်း၊ လုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှုအကဲဖြတ်ရာတွင် လည်းကောင်း၊ သယံဇာတများ ခွဲဝေအသုံးပြုရာတွင် လည်းကောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း အထောက်အကူပြုစေရန်၊ နိုင်ငံတော်အစိုးရနှင့် အများပြည်သူတို့ အသုံးပြုနိုင်ရေးအတွက် စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်သည့်အခါ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးသက်ရောက်မှုရှိပြီး လွယ်ကူချောမွေ့စေရန်၊ စာရင်းအင်းနှင့် သက်ဆိုင်သောဌာန၊ အဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုများ ထိရောက်မြန်ဆန်ပြီး ပိုမိုအားကောင်းစေရန်၊ အရည်အသွေး ပြည့်ဝပြီး တိကျ မှန်ကန်သည့် စာရင်းအင်းများကို အသုံးပြုနိုင်ခြင်းသည် အစိုးရနှင့် ပြည်သူ့တို့အကြား၊ နိုင်ငံတကာ အသိုင်းအဝိုင်းများအကြား ယုံကြည်မှုတိုးမြှင့်စေရန်တို့ဖြစ်ကြောင်း သိရ
  • စာရင်းအင်းနှင့်ပတ်သက်၍ လက်ရှိကျင့်သုံးနေသည့် ဥပဒေကို ၁၉၅၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဗဟို စာရင်းစစ်တမ်းကောက်ယူရေး အာဏာပိုင်အက်ဥပဒေသည် ခေတ်စနစ်နှင့် လိုက်လျောညီထွေမှု မရှိတော့ခြင်း၊ စာရင်းအင်းနှင့် ပတ်သက်သည့် အချို့သော ဥပဒေများက လွှမ်းမိုးလာခြင်းတို့ကို ကြုံတွေ့နေရကြောင်း သိရ
  • ထို့ကြောင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးနယ်ပယ် အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် မူဝါဒများ၊ ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ ချမှတ် ဆောင်ရွက်ကြရာ၌ အရေးကြီးသော အချက်တစ်ခုမှာ တိကျခိုင်မာ၍ အရည်အသွေးပြည့်ဝသော ယုံကြည်စိတ်ချရသည့် စာရင်းအင်းကိန်းဂဏန်း အချက်အလက်များ ရရှိရေးသည် အရေးကြီးကြောင်း၊
  • စာရင်းအင်းမှန်ကန်မှသာ တိုင်းပြည်၏ ပကတိအခြေအနေမှန်ကို သုံးသပ်နိုင်မည်ဖြစ်ပါကြောင်း၊ စာရင်းအင်း အချက်အလက် မှန်ကန်ရေးအတွက် ကောက်ယူသူများသာမက ကောက်ယူခံရသူများ ကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ အတိတ်သမိုင်းတွင် စာရင်းအင်း အချက်အလက်များနှင့် ပတ်သက်၍ အားနည်းချက်များ ရှိခဲ့သည်ကိုလည်း အားလုံးတွေ့မြင် သိရှိကြပြီး ဖြစ်ပါကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်သွင်းစဉ် ထည့်သွင်းပြောကြား
  • ထိုဥပဒေကြမ်း ရေးဆွဲပြုစုရာတွင် ILO, IMF, UNFPA, UNICEF, World Bank, KOICA, ADB နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့မှ ပညာရှင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက ညှိနှိုင်းအစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အခြားသော သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သဘောထား မှတ်ချက်များကိုလည်း ရယူ၍ ပြုစုခဲ့ခြင်းဖြစ်ကြောင်း သိရ
  • အဆိုပါ ဥပဒေကြမ်းအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး ဥပဒေကြမ်း ကော်မတီ၏ လေ့လာတွေ့ရှိချက်ကို ကော်မတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွှန့်က ဖတ်ကြားတင်ပြခဲ့
  • စာရင်းအင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက် နောက်ဆုံးထား အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာထား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s